Sunday, August 14, 2011

ချစ်ညီမလေးသို့..........ပေးစာ။


ညီမလေးရေ.....
အမှန်တရားရဲ့အသီးကချိုတယ်
ရေသောက်မြှစ်ကခါးတယ်တဲ့
နာကျင်ခါးသီးမှုတွေနှင့် ခက်ခဲ
ကြမ်းတမ်းမှုများစွာကြားက
ညီမလေး ကြိုးစားခဲ့သမျှတစ်နေ့မှာ
ချိုမြိန်တဲ့အသီးတွေ သီးလာမယ်ဆိုတာ
ညီမလေးယုံကြည်ပါ။

ညီမလေးရေ..........
ဘ၀ကြမ္မာနွံထဲမှာ
ဇာတ်ဆရာရဲ့ခိုင်းသမျှလုပ်ဖို့သာ
ဆိုပြီးတော့ မတွေးလိုက်ပါနဲ့
ညီမလေးကို စိတ်ဓာတ်ပျော့ညံ့တဲ့
မိန်မညံ့ မဖြစ်စေချင်လို့ပါ။

ညီမလေးရေ..........
မထင်မရှားခူယားကောင်လေးတွေတောင်မှ
လိပ်ပြာလေးတွေအဖြစ်ပြောင်းလဲလို့
ကမ္ဘာမှာ လှပတဲ့ရောင်စုံပန်းလေးတွေ
ဖူးပွင့်လာအောင် အကောင်းဆုံး
စွမ်းဆောင်နိုင်ခဲ့သေးတာပဲ
ခူယားကောင်လေးတွေထက်စာရင်
ညီမလေးက ဘယ်လောက်ပိုပြီးတော့
စွမ်းဆောင်နိုင်မလဲဆိုတာ...
ညီမလေးနားလည်သဘောပေါက်ပါတယ်နော်။
ညီမလေးရေ..........
ပတ်ဝန်ကျင်ရဲ့ အတင်းအဖျင်းတွေကြားထဲမှာ
စိတ်ညစ်နေမလား.......?
စိတ်ပဲညစ်ပါ စိတ်ဓာတ်တော့မကျစေနဲ့ပေါ့
ညီမလေးကို ပြောပြမယ်
တော်သလင်းညအူသံတွေကြောင့်
ဘယ်ပန်းမှရနံ့ပြယ်ရိုးမရှိဘူးတဲ့
ညီမလေး သဘောပေါက်ပါတယ်နော်။
ညီမလေးရေ..........
ရိုးသားမှုတွေ မြေမှာခလို့
စာနာမှုတွေ ပျောက်ဆုံးနေတဲ့
ဒီလောကကြီထဲမှာ ယူရုံပဲယူတတ်ကြတဲ့
လူတွေရဲ့ကြား ရှင်သန်နေရတဲ့
ညီမလေးရဲ့ဘ၀မှာ အရာရာကို
စဉ်းစား ချင့်ချိန်ပြီးမှ ဆုံးဖြတ်ပါ
ဘယ်ကစ္စမဆိုပေါ့
ညီမလေး ပေးဆပ်ခဲ့သမျှ
ဘာမှပြန်မရတဲ့အခါ
ညီမလေး ငိုနေရမှာဆိုးလို့ပါ။
ညီမလေးရေ..........
ဆုံးရှုံးပြီး ဘာမှပြန်မရနိုင်တော့တဲ့
လောကဓံတရားတွေကြားထဲမှာ
ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့
မကြုံတွေ့ရလေအောင်
အစစအရာရာမှာ သတိဝီရိယရှိပါ
တစ်ကွက်မှားလို့ တစ်ပွဲလုံးရှုံး
ဆိုတဲ့အဖြစ်မျိုး ညီမလေးကြုံမှာဆိုးလို့ပါ။
ညီမလေးရေ.........
ဘ၀မှာ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေ
မပြည့်ဝတဲ့အခါမျိုးမှာ
ဝမ်းမနည်းနဲ့ စိတ်ဓာတ်လည်းမကျပါနဲ့
ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာက ဘ၀ တဲ့
ရလိုမှုနှင့် ရရှိမှုအမြဲတမ်း
ထပ်တူညီတဲ့ ဘ၀မျိုး
လူ့လောကကြီးထဲမှာ ရှိမှမရှိတာ
ညီမလေးလည်း အသိပဲလေ...
ဒါပေမဲ့ ကြိုးစားတဲ့သူတွေအတွက်
အောင်မြင်မှုဆိုတာ လက်တစ်ကမ်းအလိုမှာ
ရှိတယ်ဆိုတာ မမေ့နဲ့ပေါ့။
ညီမလေးရေ..........
စက္ကန့်နှင့်အမျှ ပြောင်းလဲနေတဲ့
လူ့လောကကြီးထဲမှာ...
အခြေအနေနဲ့ အချိန်အခါအလိုက်
ညီမလေးလည်း ပြောင်းလဲနေတယ်ဆိုတာ
သတိပြုမိရဲ့လား အကောင်းထက်
အဆိုးပိုများမယ့် ညီမလေးပတ်ဝန်ကျင်ရဲ့
အပြောင်းအလဲတွေကြားထဲ
နူးညံ့သိမ်မွေ့ပြီး ဖြူစင်ရိုးသားတဲ့
ညီမလေးရဲ့ဘ၀ ထိခိုက်နစ်နာသွာမှာဆိုးလို့ပါ။့
ညီမလေးရေ..........
လွယ်လွယ် အမြင့်ရောက်သွားတဲ့
ဆပ်ပြာပူဖေါင်းတွေရဲ့တန်ဘိုးထက်
ကိုယ်ပိုင်တောင်ပံတွေနဲ့ မီးထဲ
တိုးဝင်သွားတဲ့ ဖူးဖလံတွေရဲ့
ရှုံးနိမ့်မှုက ပိုပြီးတော့အဓိပ္ပယ်ရှိတယ်တဲ့
လက်ခံနုင်ရဲ့လား...သေချာစဉ်းစားကြည့်ပါ
ညီမလေးကို ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့
ကိုယ့်အရည်အချင်းနှင့်ကိုယ် ဘ၀ကို
ရဲရဲရင့်ရင့်ရင်ဆိုင်ရဲတဲ့ မိန်းမမြတ်ဖြစ်စေချင်လို့ပါ။
                                                                           နက်ရှိုင်း(နန်ဇလိန်)

No comments:

Post a Comment