Saturday, August 20, 2011

သူငယ်ချင်း...ဆိုတာ........

ဘ၀ရဲ့ အလှည့်အပြောင်းတစ်ခုမှာ
ခဏလေးပဲဖြစ်ဖြစ် တွေ့ဆုံခင်မင်ခဲ့ရတဲ့
အဖြူစင်ဆုံးနဲ့အရိုးသားဆုံး သူငယ်ချင်းဆိုတာ...
ထာဝရအမှတ်ရစရာ အမှတ်တရစိတ်ခံစားမှုတစ်ခုပေါ့၊

တွေ့ဆုံကြုံခွဲ လောကရဲ့ဓမ္မတာတရားတွေမှာ
စီးမျောရင်း တွေ့ဆုံခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများစွာကို
သမုဒယငြိတွယ်စရာ အနက်ရှိုင်းဆုံး
တို့တတွေရဲ့ နှလုံးသားထဲမှာ အမြဲလိုမဟုတ်တောင်
တစ်ခါတစ်လေ တိုက်ဆိုင်မှုလေးတွေရှိတိုင်း
တမ်းတသတိရနေကြမယ်ဆိုတာ...
လူတိုင်းလက်ခံနိုင်လိမ့်မယ်ထင်ပါရဲ့၊

အပြောင်းလဲများတဲ့ လူ့လောကမှာ
ရပ်ဝေးနယ်ခြား ဝေးနေငှါးလည်း
တစ်ချိန်ကခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများစွာကို
သတိရကြောင်း ခင်နေကြောင်းကို
တို့သိစေချင်..........၊

ဘာတွေဘယ်လိုပဲ ပြောင်းလဲပါစေ
အနိုင်ယူလိုစိတ်နဲ့ မနာလိုအငြိုးအတီးမရှိတဲ့
အဖြူစင်ဆုံးရိုးသားခဲ့တဲ့ သူငယ်ချင်းဆိုတာ...
ခင်မင်မှုများမွေးဖွားရာ
ကြည်နူးစရာချစ်ခြင်းမေတ္တာတွေများစွာရဲ့ စုဝေးရာ
ပြောင်းလဲခြင်းမရှိတဲ့ သံယောဇဉ်တွေနဲ့
ပြည့်နက်နေတဲ့ နှလုံးသားပြတိုက်တစ်ခုပေါ့၊

ထာဝရဝေးကွာသွားမဲ့ ဘ၀ရဲ့အဆုံးသတ်ချိန်ထိ
အတူတူရှိနေကြဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်
ခင်မင်မှုများမေ့မသွား တို့တတွေရဲ့ရင်ထဲမှာ
ထာဝရ ရဲ့ ထာဝရ ကိန်းအောင်းနေမယ်ဆိုတာ
ဖြူစင်၊ရိုးသားမှုတွေရဲ့ စတင်ဖြစ်တည်ရာ
"သူငယ်ချင်း"ဆိုတဲ့ စကားလုံးရဲ့
ပြည့်စုံခြင်း သက်သေပေါ့...။

                                          နက်ရှိုင်း(နန်းဇလိန်)၊၂၀.၈.၁၁၊နံနက်၎း၃၀

1 comment:

  1. ကောင်းတယ်...ကဗျာဆရာ...ကိုနက်ရှိုင်းရေ...

    ReplyDelete